Pathein

နိဒါန်း


ပုသိမ်မြို့ (မွန်: ဖာသီ)သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၃၀ဝ၀ဝ၀ကျော် နေထိုင်ပြီး ရန်ကုန်မြို့၏ အနောက်ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်ပြီး ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးသော်လည်း ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံတွင် ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ပုသိမ်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တစ်မြို့ဖြစ်ခဲ့လေသည်။

မြို့တည်နေပုံ


ပုသိမ်မြို့သည် ယခင်က မွန်တို့ ပိုင်နက် ဖြစ်သော်လည်း လက်ရှိတွင် မွန်လူမျိုး အနည်းငယ်သာ နေထိုင်ကြပြီး ဗမာလူမျိုးမှာ အများစုဖြစ်သည်။ ထို့အပြင် ရခိုင်လူမျိုးနှင့် ကရင်လူမျိုး အများအပြားလည်း နေထိုင်ကြသည့်အပြင် အိန္ဒိယ၊ တရုတ်အနွယ်များ လူနည်းစု အဖြစ်နေထိုင် ကြသည်။ ပုသိမ်မြို့၏ လူဦးရေ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကရင်လူမျိုး ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်များ အများအပြား ရှိသည်။ ထို့အပြင် ဟိန္ဒူ နှင့် မူဆလင်များလည်း အနည်းငယ်စီ ရှိကြသည်။

လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာများ


ပုသိမ်မြို့သည် ၁၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ မြောက်လတ္တီကျု ၁၆ဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီကျူ ၉၄ဒီဂရီ ၄၃မိနစ်တို့ ကြားတွင် တည်ရှိသည်။ မြို့သည် ပုသိမ်မြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ခုလုံးပေါ်၌ တည်ရှိပြီး၊ မြစ်၏ အရှေ့ဘက်ကမ်းတွင် အစိုးရရုံးကြီးများနှင့် ဈေးကြီးများ ရှိသည်။ ပုသိမ်မြို့ရှိ ထင်ရှားသည့် ရပ်ကွက်များမှာ အသည်ကြီး၊ တလိုင်းချောင်း၊ ယိုးဒယားကုန်း၊ မရမ်းချိုကုန်း၊ အတီးစု စသည်တို့ ဖြစ်သည်။ မြို့၏ လမ်းမကြီးများသည် မြစ်ကမ်းနားနှင့် ယှဉ်ပြိုင်လျက် ရှိသည်။

မြို့ဝန်းကျင်စိတ်ဝင်စားဖွယ်ရာနေရာများ


မော်တင်စွန်းဘုရား နှင့် ကမ်းခြေ

ငဝန်မြစ်ကြောင်းအတိုင်း သင်္ဘောနှင့် စုန်ဆင်းသွားပါက ကပ္ပလီပင်လယ်ဝရှိ မော်တင်စွန်းအငူသို့ ရောက်ရှိနိုင်သည်။ နှစ်စဉ် ရေကျချိန် ဖြစ်သည့် တပို့တွဲလ (ဖေဖော်ဝါရီ၊မတ်) ရောက်တိုင်း မော်တင်စွန်းဘုရားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကမ်းခြေတစ်လျှောက်တွင် ယာယီတဲများ ထိုးကာ ပင်လယ်ထွက် ပစ္စည်းများပါ ရောင်းချကြသည်။

ချောင်းသာကမ်းခြေ

ချောင်းသာကမ်းခြေသည် ပုသိမ်မြို့ မှ၄၀ကီလိုမီတာ သာကွာဝေး သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်ပြီး ၁၉၉၀ခုနှစ်များတွင် စတင် လူသိများလာခဲ့သည်။ ဈေးနှုန်းနှင့် အတန်းအစား အမျိုးမျိုးသော ဟိုတယ်နှင့် တည်းခိုခန်းများ၊ ပင်လယ်စာ စားသောက်ဆိုင်များရှိသည်။

ငွေဆောင်ကမ်းခြေ

ငွေဆောင်ကမ်းခြေသည် ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀ဝ၀ပြည့်နှစ်တွင် စတင်ဖွင့်လှစ်သော ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင့်စံချိန်မီဟိုတယ်ကြီးများရှိရာနေရာ ဖြစ်သည်။

ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ


ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီး ဖြစ်သည့်အားလျော်စွာ ပုသိမ်မြို့သည် ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်သည်။ ထို့ကြောင့် ဆန်စက်နှင့် ဆန်သိုလှောင်ရာ ဂိုထောင်များ ပေါများလှသည်။ ကြိတ်ခွဲပြီး ဆန်များကို ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ရန်ကုန်မြို့နှင့်အခြားမြန်မာပြည် အနှံ့အပြားသို့ တင်ပို့သည်။ ပုသိမ်ဆိပ်ကမ်းသည် ဧရာဝတီတိုင်းဒေသကြီးအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူတင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်းလည်း ဖြစ်သည်။ ထို့အပြင်ပုသိမ်မြို့သည် အစိုးရပိုင်မှန်စက်ရုံရှိရာမြို့ဖြစ်ပြီး ပြည်တွင်းသုံးမှန်နှင့် ဖန်ထည်အမျိုးမျိုးကိုပါ ထုတ်လုပ်ဖြန့်ဖြူးသည်။ အသေးစားလုပ်ငန်းများ အနေဖြင့် ပုသိမ်ထီးလုပ်ငန်းများ၊ ငါးပိငါးခြောက်ငံပြာရည်လုပ်ငန်းများအပြင် နာမည်ကျော် ပုသိမ်ဟာလဝါလုပ်ငန်းများ ဖွံ့ဖြိုးသည်။


Google Map